မိုင်းဆတ် ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့နံနက် ၇ နာရီက စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။
အဆိုပါ အခြေခံပညာကျောင်းဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘ ကော်မတီဝင်များက ကျောင်းဝန်း အတွင်း၊ အပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
မိုင်းဆတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၆)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဇွန်လ(၂)ရက်နေ့တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံပြီးသူဦးရေ (၇၄၆၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)