နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဇွန် ၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show)ကို ယမန်နေ့  မွန်းလွဲ (၂)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းက မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိကြောင်း၊ မိုးကြိုကာလ (ဧပြီလနှင့် မေလ)၊ မိုးနှောင်းကာလ (အောက်တိုဘာလနှင့် နိုဝင်ဘာလ)များတွင်း များသောအားဖြင့် မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် နေအိမ်အတွင်း (သို့မဟုတ်) နေအိမ်ပြင်ပတွင်ရှိနေစဉ် ဆောင်ရွက်ရန်အချက်များနှင့် လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များ စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)