မိုင်းရှူးမြို့တွင်  မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မိုင်းရှူး ဇွန် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်( ၉) နာရီအချိန် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ထိုးနှံသူများကို လက်ဆေးခြင်း၊နှာခေါင်းစည်းများ တပ်ဆင်စေပြီး မွေးကင်းစမှ တစ်နှစ်ခွဲ အရွယ်ထိကလေးငယ်များကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ပုံမှန်ကာ ကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် မိုင်းရှူးမြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)