ရန်ကင်း ဇွန် ၃
မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများကို ဇွန်လ ၂နေ့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ရန်ကင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ၌ ကျောင်းသူကျောင်းသားများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကို ကျောင်းမဖွင့်မီကာလကပင် ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်က ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များအပြင် နှာခေါင်းစည်း၊ Mask များကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်မည့် ကျောင်းသူလေးတစ်ဦးကို မေးမြန်းကြည့်ခဲ့ရာ ကျောင်းသူလေးမှ ယခုလို ကျောင်းတွေပြန်ဖွင့်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါကြောင်း၊ ကျောင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနည်းလမ်းတွေနဲ့အညီ စနစ်တကျ စီစဉ်ထားတာကို မြင်တွေ့ရပါကြောင်း၊ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့မှာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံခွင့်ရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးဆောင်ရွက်ပေးနေတာကို မြင်တွေ့ရသဖြင့် ကျောင်းတက်နေရခြင်းကို ပူပန်စိတ်မရှိပါကြောင်းနှင့် လုံခြုံစိတ်ချရပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ဆရာ၊ဆရာမများ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များပူပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၇) ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၀)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း၊ စုစုပေါင်း(၂၄)ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လ ၂၆ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၁၄၄.၉၁ ရှိပြီး ယနေ့ ဇွန်လ ၂ ရက်နေ့အတွက် ကျောင်းအပ်နှံသူပေါင်းမှာ (၄၆၃၈ )ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)