ချီဖွေ ဇွန် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ချီဖွေမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ အတန်းပညာများ တက်ရောက်သင်ကြားလျက်ရှိသည်။
ချီဖွေမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (၇) ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၈)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၅၁) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းခွဲ (၂) ကျောင်း စုစုပေါင်း (၇၂) ကျောင်းတို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ ကျောင်းသူများ အတန်းအသီးသီးတွင် အေးချမ်းစွာ စတင်ပညာသင်ကြားလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)၌ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား /ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဇော်ထွေးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု့ အားပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပူပေါင်းရွက်ပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကျောင်းသား/သူများ (၃၈၉၇)ဦး ကျောင်းအပ်နှံထားသည့်အနက် စုစုပေါင်း (၃၆၆၉) ဦး ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဇေမွန်(ပြန်/ဆက်)