ဘူးသီးတောင် ဇွန် ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ အသက် ၅နှစ်မှ ၁၅နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ကျောင်းသား၊ ကျောင်းသူများ၏ မိဘ (သို့မဟုတ်)အုပ်ထိန်းသူများ သဘောတူခွင့်ပြုချက် ရရှိမှသာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုကို လိုက်လံကြည့်ရှုကြပြီး အားပေးစကားများ ပြောကြားကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့် တာဝန်ရှိသူများ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် (၃၀)ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ယမန်နေ့ နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ( ၃၇၇)ဦးရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)