ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း Sinopharm ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဝိုင်းမော် ဇွန် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူ/သားများ ကိုဗစ်ရောဂါကင်းစင်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ယူနိူင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကြည့်ရှုအားပေးခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်း အသက်(၅)နှစ်မှ (၁၂)နှစ်အကြား ကျောင်းသား/သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံရေးအတွက် ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ငယ် (၈)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အုပ်စု၊ ကန်ပိုက်တီမြို့၊ ဆဒုံးမြို့၊ ခတ်ချိုကျေးရွာအုပ်စု၊ မန်ဒေါင်ကျေးရွာအုပ်စု၊ ဝါရှောင်ကျေးရွာအုပ်စု၊ နောင်ဟီးကျေးရွာအုပ်စုတို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ဇွန်လ ၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သတ်မှတ်ရက်အလိုက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

ဖြူစင်