အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ(၂၂၁၄၀)ဦး ပညာတက်ရောက်သင်ကြား

ရန်ကုန်  ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာကျောင်းအသီးသီး၌ အေးချမ်းစွာဖြင့် ပညာတက်ရောက်သင်ကြားလျက်ရှိသည်။

အင်းစိန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ မူလတန်းကျောင်း (၃၀)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃)ကျောင်း စုစုပေါင်း (၆၅)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကျောင်းလာရောက်အပ်နှံထားသူ (၂၅၀၀၀)ဦး ကျော်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၂၂၁၄၀) ဦး၊ ၈၈.၆ ရာခိုင်နှုန်း ယနေ့တွင် လာရောက်ပညာသင်ကြားလျက်ရှိသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇွဲထက်ကို