မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် တက်ရောက်သင်ကြားသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ

မောက်မယ် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာများတွင် တက်ရောက်သင်ကြားသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ယူခွင့်အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ကူးစက်ရောဂါ ပြန့်ပွားမှုကိုတားဆီးနိုင်ရန် ကျောင်းစဖွင့်သည့်နေ့ ယနေ့နံနက် ၉နာရီက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မောက်မယ်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၏ ကာကွယ်ဆေးစုရပ်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

မောက်မယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၌ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် တက်ရောက်သင်ကြားသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အထိ ကျောင်းသား/ ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးအား ဆေးတစ်လုံးလျင် လူငါးယောက်နှုန်းဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုသို့ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)