လွိုင်လင်မြို့နယ်၊ ဝမ်အဲန်ကျေးရွာ၌ ကျေးရွာမြေငှါးဂရန်ထုတ်ပေး

လွိုင်လင် ဇွန် ၃

နိုင်ငံတော်အစိုးရသည် ကျေးရွာများတွင်နေထိုင်သော ဒေသခံပြည်သူများ၏ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရန် ကျေးရွာမြေငှါးဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းများကို စီမံချက်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဝမ်အဲန်ကျေးရွာ၌ ကျေးရွာမြေငှါးဂရန်ထုတ်ပေးခြင်းအခမ်းအနားကို အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ပါသည်။

အစီအစဉ်အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ကျေးရွာမြေငှါးဂရန်ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကျေးရွာနေပြည်သူများအား မြေယာပိုင်ဆိုင်မှု ခိုင်မာစေရန်ရည်ရွယ်၍ ကျေးရွာမြေငှါးဂရန်ထုတ်ပေးနိုင်ရန် တစ်နှစ်လျှင် မြို့နယ်တစ်မြို့နယ်မှ ကျေးရွာတစ်ရွာ ရွေးချယ်ပြီး ကျေးရွာမြေငှါးဂရန်ထုတ်ပေးနိုင်ရေး စီမံချက်များချမှတ်ကာ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာမြေငှါးဂရန်ထုတ်ပေးနိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက် ၁၃ ချက်ရှိကြောင်း မိမိတို့အနေဖြင့် သက်ဆိုင်ရာမြေစာရင်းဦးစီးဌာန နှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းတာခြင်း၊ ကန့်ကွက်လွှာခေါ်ယူခြင်းများကို အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်ပြီးမှ နောက်ဆုံးအဆင့်တွင် ကျေးရွာမြေငှါးဂရန်ထုတ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောပ် ဝမ်အဲန်ကျေးရွာမှ ကျေးရွာမြေငှါးဂရန်ရရှိသူ ၂၄ ဦးတို့အား ကျေးရွာမြေငှါးဂရန်များကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်း ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မြေစာရင်းဦးစီးမှူးတို့က ကျေးရွာမြေငှါးဂရန် ရရှိကြသည့် ဒေသခံပြည်သူများအား တစ်ဦးချင်းစီ လက်ဝယ်အရောက် ပေးအပ်ကြသည်။ ထို့နောက် ကျေးရွာမြေငှါးဂရန်ရရှိကြသူများ ကိုယ်စားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက်  အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ ဝမ်အဲန်ကျေးရွာတွင် အိမ်ခြေ (၆၀)၊ အိမ်ထောင်စု(၆၀)၊ လူဦးရေစုစုပေါင်း (၃၅၁)ဦး ရှိကြောင်း၊ ကျေးရွာမြေငှါးဂရန်လျှောက်ထားလိုသူ (၅၀) ဦးရှိသော်လည်း ၊လျှောက်ထားသူ ၂၆ ဦး၏နေအိမ်များသည် ပြည်ထောင်စုရထားလမ်းမကြီးဘေးဝဲယာတွင်တည်ရှိကာ လမ်းမကြီးဉပဒေအရ လမ်းမြေနှင့်လွတ်ကင်းခြင်းမရှိသဖြင့် မိမိတို့၏သဘောဆန္ဒအရ  ဆက်လက်လျှောက်ထားလိုခြင်းမရှိ၍  ယနေ့ကျေးရွာမြေငှါးဂရန်ရရှိသူ ၂၄ ဦးသာဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၏ အဖွင့်အမှာစကားမှ သိရသည်။

ခရိုင် (ပြန်/ဆက်)