လားရှိုး ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ယမန်နေ့ နံနက်(၈)နာရီခွဲ အချိန်မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုများအား ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၂၁၂)ကျောင်းရှိပြီး လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း (၃၈) ကျောင်း စတင်ဖွင့်လှစ်နေမှုများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်နေမှုများအား လားရှိုးမြို့ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)တာဝန်ခံ ဦးခင်မောင်ဌေး၊ လားရှိုးခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ လားရှိုးမြို့နယ်ပညာရေးမှူးရုံး ဒေါ်အုန်းဆန်းတို့မှ ပညာရေးနှင့်လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်ကာကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထို့ကဲ့သို့ ကြည့်ရှုအားပေးခဲ့ရာတွင်လည်း လားရှိုးမြို့ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)တာဝန်ခံ ဦးခင်မောင်ဌေးက အခြေခံပညာကျောင်းများတွင် လိုအပ်ချက်များကိုလည်း သတ်မှတ်ချက်များအတိုင်း အဆင့်ဆင့်တင်ပြကြရန် အတွက် သက်ဆိုင်ရာကျောင်းများမှ တာဝန်ခံကျောင်းအုပ်ကြီးများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လားရှိုးမြို့ပေါ်၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၂၂၁) ဦး စတင်ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရှိရပြီး ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်နေကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)