မိတ္ထီလာ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကွက်ငယ်အုပ်စု ကြာကန် ကျေးရွာ ကွင်းအမှတ် ၁၀၆၂ ၊ ဦးပိုင်အမှတ် ၅၅/၁ ရှိ တောင်သူ ဦးသန်းငွေ၏ စိုက်ဧက ၂ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၅၇၂ ဧကရှိသည့်အနက် မျိုးစေ့ထုတ်လုပ်ငန်းအဖြစ် စိုက်ဧက ၄၀၀ ကို စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ ၎င်းမျိုးစေ့ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား မျိုးစေ့နှင့်လူးနယ်ဆေးကို အခမဲ့ပေးအပ်ခဲ့ကြောင်း၊ မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် လုပ်ငန်းကို ဒေသခံတောင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းကို နားလည်တက်ကျွမ်းပြီး ကိုယ့်မျိုးကို ထားသည့်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်ကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သည့်နေရာမှာ တစ်ဧကအထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည့် သီးနှံမှာ ဝါသီးနှံဖြစ်၍ ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံတောင်သူ လယ်သမားမှာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
၎င်းနောက် ဒေသခံတောင်သူများအား ဝါစိုက်ပျိုးရာတွင် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း နည်းပညာများ၊ သိပ္ပံနည်းကျ ဝါစိုက်ပျိုးခြင်းစနစ်၏ အဓိကသော့ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ထယ်ရေးပြုပြင်ရေး သတ်မှတ်ချက် ၁၅ ရက်နေအတွင်း တစ်ကျင်း ၂ ပင်နှုန်းဖြင့် သားခွဲရေး၊ စုပ်ပိုးဒဏ်ကြိုတင်ကာကွယ်ရေးနှင့် ကျရောက်လာပါက နှိမ်နှင်းခြင်း၊ ကြာပေါင်း မဖြစ်မနေလိုက်ရန်နှင့် စိမ့်မြောင်းများ စနစ်တကျတူးဖော်ရန် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူများက သိလိုသည်များအား မေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ က ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်း သရုပ်ပြပွဲအခမ်းအနားကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဌေးဌေးရီနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဒေသခံတောင်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)