ဒဂုံအရှေ့ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ယနေ့နံနက်ပိုင်း (၉)နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်၊ ဆရာ/မများပူးပေါင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ်(၆)အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား/သူ (၆၀၁)ဦးအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး နောက် ဆက်လက်၍ အခြေခံပညာကျောင်း (၃၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်း စုစုပေါင်း(၄၈)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား အလှည့်ကျစုရပ် (၁၅)နေရာသတ်မှတ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)