ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်း​များ စတင်ဖွင့်လှစ်

ဝိုင်းမော် ဇွန် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်​နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းမအပ်နှံရသေးသည့် ကျောင်းသား/သူများအား ကျောင်းအပ်နှံနိုင်​ရေး ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ​ ကျောင်းစတင်ဖွင့်လှစ်မှုတွင် ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဝိုင်းမော်မြို့နယ်အတွင်းရှိ အမှတ်(၁)၊ (၂) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း (သာဂရ)၊ အခြေခံပညာမူလွန် (၄) ကျောင်းတို့တွင် ပညာသင်ကြားရန် လာရောက်ကြသော ကျောင်းသား/သူများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းနှင့် ကျောင်းမအပ်နှံရသေးသည့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေး​နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများကို ကျောင်းတက်ချိန်ပုံမှန်အတိုင်း ဖွင့်လှစ်ကာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူများအား ဆရာ/ဆရာမ များက အတန်းလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇)ကျောင်း၊ အလယ်တန်းကျောင်း(၇) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၅)ကျောင်း၊ မူလတန်းကျောင်း (၈၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၃)ကျောင်း၊ မူလတန်းခွဲ (၁၅)ကျောင်း၊ ချမ်းမြေ့သီလရှင်ကျောင်း (၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ စုစုပေါင်း(၁၅၂) ကျောင်းများအနက် (၁၃၈)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တက်ရောက်သူ ကျောင်းသား/သူ စုစုပေါင်း(၂) သောင်းကျော် တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

ဖြူစင်