ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ များအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဇမ္ဗူသီရိ ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးပြီး ဆေးထိုးပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ အသက်(၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် (၂) ရက်နေ့မှစတင်ကာ ဇွန် (၃) ရက်နေ့အထိ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိသည့်ကျောင်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)