ဆွမ်ပရာဘွမ် ဇွန် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် စည်ပင်ရေဖြန့်ဝေပေးမှုစနစ်တကျရှိစေရန် အတွက် ရေမီတာတပ်ဆင်သုံးစွဲရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ တွင် မြို့တွင်း ရပ်ကွက်များ၌ ရေပေးဝေခြင်းတွင် ကောင်းကျိုး၊ ဆိုးကျိုးများဖြစ်ပေါ်ခြင်း၊ ရေမီတာတပ်ဆင်သုံးစွဲခြင်းအားဖြင့် ရေရရှိမှုတွင် အများပြည်သူများ ရေကိုမျှတစွာ သုံးစွဲနိုင်ပြီး ရေသုံးစွဲမှု၌ စည်းကမ်းရှိလာခြင်း၊ ရေ၏အရင်းအမြစ် အလဟသမဖြစ် ပေါ်စေရန် ကာကွယ်နိုင်ခြင်း၊ အများပြည်သူအိမ်တိုင်း၌ ရေမျှတစွာရရှိစေခြင်းစသည့် ရေမီတာသုံးစွဲခြင်းဖြင့် အကျိုး ကျေးဇူးများ ရရှိမည်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးနေလင်းအောင်က အားသာချက်၊ အားနည်းချက် များကို စနစ်တကျရှိစေခြင်း၊ အများပြည်သူများ ရေကိုစည်းကမ်းရှိစွာ အသုံးချသုံးစွဲတတ်လာ စေခြင်း၊ ရေများကို မလိုလားအပ်ပဲ ရေပြည့်ရေလျှံမှုမဖြစ်ပေါ်စေရန်နှင့် အချိန်နှင့် လွှတ်ပေးမှုတွင် အလေအလွင့်မရှိစေရန် ထိန်းချုပ်နိုင်ရန်၊ စနစ်တကျမျှတ စွာရှိစေရန်ပြောကြားခဲ့ပြီး တက်ရောက် လာသော စည်ပင်ကော်မတီဝင်တစ်ဦးက ပါဝင်ဆွေးနွေးခဲ့ရာ ရေမီတာတပ်ဆင် သုံးစွဲခြင်းမှာ ကောင်းမွန်သည့် စနစ်ဖြစ်ကြောင်း၊ ရေမီတာတပ်ဆင်ခြင်းဖြင့် ရေ၏တန်ဖိုးကို နားလည်ထားတတ် လာခြင်း၊ ဘာသာသာနာကျောင်းများတွင် ရေမီတာကို သီးခြားလျှော့ချစျေးနှုန်းဖြင့် ဖြန့်ဝေ ပေးစေလိုကြောင်း ဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စည်ပင်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ဘာသာရေးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)