ကလော စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပြိုကျေးရွာနှင့် ကမ္ဘာနီကျေးရွာအုပ်စု၊ ကျောင်းအရှေ့ကျေးရွာတွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် (၂၆)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားပြိုကျေးရွာတွင် လူနေအိမ် (၁၈)လုံးရှိ အမိုး သွပ်ချပ်ရေ (၅၅၀)ချပ် လန်ထွက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၂၈၇၃၀၀၀) ကျပ်ခန့်ဖြစ်ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူကလောမြို့နယ်ကမ္ဘာနီကျေးရွာအုပ်စု၊ကျောင်းအရှေ့ကျေးရွာတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့် လူနေအိမ်(၈)လုံးနှင့် နွားတင်းကုတ်(၁)လုံးမှာ အမိုးလန်ပျက်စီးခဲ့ပြီး သွပ် (၁၄၂)ချပ် လန်ထွက်ပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ (၇၁ဝဝဝဝိ/-) ကျပ်ခန့် ဖြစ်ပြီး လူနှင့် တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်လေဘေး ဒဏ်ခံရသည့် လူနေအိမ်(၂၆)လုံးမှ ပြည်သူ များအနေဖြင့် ၎င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် သွားရောက်နေထိုက်လျက်ရှိကြောင်း၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ပြင်ဆင်နိုင်ရန် ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်မှုအခြေအနေမရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)