တောင်ကြီးမြို့၌ ကျောင်းသားကျောင်းသူများ စတင်ဖွင့်လှစ်ပညာသင်ကြား

တောင်ကြီး  ဇွန် ၂

ရှမ်းပြည်နယ်( တောင်ပိုင်း )  တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက   စတင်ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် တောင်ကြီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁၉)ကျောင်း၊ အလယ်တန်းကျောင်း (၂၈)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၃၇)ကျောင်း၊ မူလတန်းကျောင်း (၁၂၉)ကျောင်း၊  မူလတန်း(ခွဲ) (၄)ကျောင်း  စုစုပေါင်း ( ၂၇၄ ) ကျောင်းရှိပြီး  မေလ  ၂၆ ရက်နေ့မှ ဇွန် ၁ရက်နေ့ထိ ကျောင်းအပ်နှံပြီးသူ  စုစုပေါင်း ၅၇၄၂၃ ဦးရှိကြောင်း  တောင်ကြီးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှာ သက်ဆိုင်ရာမြို့ပေါ်နှင့်ရပ်ကွက်/ ကျေးရွာများရှိ ကျောင်းများတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာတက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း