အလုံ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၈နာရီခွဲမှ စတင်ကာ ကိုဗစ်- ၁၉ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပညာသင်ကြားပေးရာတွင် (၅)နှစ်အရွယ် ကလေးများသည် သူငယ်တန်း (KG)သို့လည်း ကောင်း(၆)နှစ်အရွယ် ကလေးများသည် ပထမတန်း(Grade-1) သို့လည်းကောင်း တရောက်ရမည်ဖြစ်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူများအတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အလုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်း(၁) ကျောင်း၊ မူလတန်းကျောင်း (၆) ကျောင်း စုစုပေါင်း (၁၃) ကျောင်းရှိပြီး ကျောင်းများအားလုံးကို နံနက် ၈နာရီခွဲ မှ မွန်းလွဲ ၂နာရီခွဲအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြာနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညရေးဌာန၊ ဆရာ/မများက လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)