တာမွေ ဇွန် ၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ သူများအား ယနေ့နံနက် ၉နာရီမှ စတင်ကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်သူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)