လယ်ဝေးမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြားနေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကြည့်ရှုစစ်ဆေး

လယ်ဝေး ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် အ.ထ.က (၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(သဲကောကြီး)သို့သွားရောက်၍ (၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူလေးများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနေမှု များ၊ ကာကွယ်ဆေးထိုးနှံနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများနှင့် ကျောင်းသား ကျောင်းသူလေးများ ပညာသင်ယူနေမှုများအား ကြည့်ရှုစစ်ဆေးကာလိုအပ်သည် များမှာကြား၍ အားပေးစကားများပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ပေးအပ်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် အ.ထ.က(၁၈)ကျောင်း၊ အ.ထ.က-ခွဲ(၁၈)ကျောင်း၊ အ.လ.က (၁၄)ကျောင်း၊ အ.လ.က-ခွဲ(၂၆)ကျောင်း၊ မူလွန်(၅၁)ကျောင်း၊ မူလတန်း(၁၁၈)ကျောင်းနှင့် မူလတန်းခွဲ(၁၉)ကျောင်း၊ စုစုပေါင်း(၂၆၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၃)ကျောင်းတို့တွင် ဇွန်(၂)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင် ကြားလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများကပူးပေါင်း၍ ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)