ဗဟန်း ဇွန် ၂
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား ကျောင်သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ၌ ကျောင်းသူကျောင်းသားများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကို ကျောင်းမဖွင့်မီကာလကပင် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်က ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များအပြင် နှာခေါင်းစည်း၊ မျက်နှာအကာများကို ပံ့ပိုးပေးကြောင်း သိရသည်။
ဗဟန်းအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်မည့် ကျောင်းသား မိခင်တစ်ဦးက အခုလိုကျောင်းတွေ ပြန်ဖွင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါကြောင်း၊ ကျောင်းမှာလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနည်းလမ်းတွေနဲ့အညီ စနစ်တကျ စီစဉ်ထားတာကိုမြင်တွေ့ရပါကြောင်း၊ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ဆိုတော့ ကလေးတွေ သူငယ်ချင်းတွေနဲ့ ပြန်ဆုံခွင့်ရပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးဆောင်ရွက်ပေးနေတာကိုတွေ့ရသဖြင့် ကလေးတွေအတွက် စိတ်ချရပါကြောင်းတို့ကို ပြောကြားသည်။
ဆရာ၊ ဆရာမများ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၈)ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လျားထားကျောင်းသားဦးရေ (၆၄၃၅)ဦးရှိရာ ဇွန်(၁)ရက်နေ့အထိ လာရောက် ကျောင်းအပ်နှံပြီးသူ(၇၁၄၈)ဦးရှိသဖြင့် ၁၁၁% အပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်