ရမည်းသင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသောအသက်(၅)နှစ်မှ အသက်(၁၂)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျောင်းသား/သူများအားကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် အသက်(၅)နှစ်မှ(၁၂)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များ၊ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးသည့် ကျောင်းသား/ သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက် ပေးကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၊ အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်နှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိုးနှံပြီးကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)