ဒေါပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒေါပုံ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ ဒေါပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ(၂)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင်ကြားပေးမည်ဖြစ်ရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့သစ် ရပ်ကွက်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။‌

ဒေါပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်း ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝင်း အတွင်း/ အပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များ ပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက် ရောဂါများဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သူဇာ၀င်း