သီပေါ ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့ နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန်အတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အထိကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသော ဆေးအမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့် အသက်(၁၂)အထိကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများကို ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းပါဝင်သည့် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)