မန္တလေး စက်တင်ဘာ ၅
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရေး အတွက် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ညစဉ် အသံချဲ့စက်များဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့် ဒေသန္တရအမိန်ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို လိုက်လံနှိုးဆော် အသိပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၈)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများ၏ စီစဉ်မှုများဖြင့် ရပ်ကွက်အတွင်း လှည့်လည်၍လည်းကောင်း၊ ရပ်ကွက်ရုံးများမှလည်းကောင်း၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များကလည်းကောင်း အသံချဲ့စက်များ၊ ဟန်းစပီကာများဖြင့် ကျန်းရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များဖြစ်သည့် မလိုလားအပ်ဘဲ အိမ်အပြင် မထွက်ရေး၊ လူစုလူဝေး ရှောင်ကျဉ်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ COVID-19 ရောဂါ သံသယတွေ့ရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ ပြသသွားရန်နှင့် ဒေသန္တရ အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာကျင့်သုံးကြစေရန် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်