တာမွေ ဇွန် ၂
“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေး“ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်”ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက် ဖွင့်လှစ်ပညာသင်ကြားပေးလျက် ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေး မှုတ်တာတို့၊ အဘိတ်ဆေးခတ်တာတို့၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စသည်ဖြင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက်ကို ဆောင်ရွက်တာတွေရှိပါတယ်” ဟု တာမွေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လာရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းအနေဖြင့် ကျောင်းဝင်းအတွင်းသို့ မဝင်ရောက်မီ တာဝန်ကျ ဆရာ/ဆရာမများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းများအပြင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ မူလတန်းကျောင်း (၂၈)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လာရောက်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်