တံတားဦး ဇွန် ၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကွယ်ဆေးထိုးနှံခြင်းကို တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်(၃)ရပ်ကွက်ရှိ မွေးကင်းစအသက်(၁)နှစ်ခွဲအထိ ကလေးငယ်(၆၀)ဦးနှင့် ကိုယ်ဝန် ဆောင်မိခင်(၁၅)ဦးအား ကာကွယ်ဆေး ထိုးနှံပေးကြသည်။ ကလေးများအား ဘီစီဂျီဆေး၊ ငါးမျိုးစပ်ဆေး၊ ဝမ်းပျက်ဝမ်းလျောဆေး၊ ပြင်းထန်အဆုတ်ရောင်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး၊ အသက်(၄)လ ကလေးငယ်များကို၊ ငါးမျိုးစပ်ဆေး၊ ဝမ်းပျက်ဝမ်းလျောဆေး၊ ပြင်းထန်အဆုတ်ရောင်ဆေးနှင့် ပိုလီယိုကာကွယ် ဆေးဖြစ်သည့် တိုက်ဆေးနှင့်ထိုးဆေးများ၊ အသက်(၆)လ ကလေးငယ်များအား၊ ငါးမျိးစပ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ဆေးနှင့် ပိုလီယိုကာကွယ်ရေးအတွက်တိုက်ဆေး၊ အသက်(၉)လ ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးဆေးနှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများ၊ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးဆေးနှင့်ငါးမျိုးစပ်ဆေးများတိုက်ကျွေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး သုံးပေကွာထိုင်ခုံများဖြင့် စောင့်ဆိုင်းစေပြီး အလှည့်ကျစနစ်ဖြင့် တိုက်ကျွေးထိုးနှံပေးကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာစုရပ်များတွင် အသိပညာပေးခြင်းများ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုလစဉ်လဆန်း(၁)ရက်နေ့မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည် ။
ရဲတင့်