မိုင်းတုံမြို့နယ်တွင် ကျောင်းများပုံမှန်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်

မိုင်းတုံ ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင်းရှိ ကျောင်းများမှာ ၂-၆-၂၀၂၂ ရက်နေ့နံနက် ၉း၀၀ နာရီအချိန်တွင် ပုံမှန်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်တက်ရောက်သင်ကြားလျက်ရှိသည်။

အထကမိုင်းတုံစာသင်ကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်ရက်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူအားလုံး တန်းစီကွင်းတွင် တန်းစီ၍ နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ မြန်မာ့ကျောင်းသီချင်း သီဆိုပြီးနောက် မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေက ကျောင်းသားကျောင်းသူများအားလုံး ကျောင်းအပ်နှံထားသည့်အတိုင်း လာရောက်တက်ကြလို့ ဆရာကြီးအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ သားတို့သမီးတို့အားလုံး "ကျောင်းမှန်မှန်တက် စာမခက်' ဆိုသလိုကျောင်းကို စိတ်ပါဝင်စားစွာတက်ကြပါ၊ စာကို အစွမ်းကုန်ကြိုးစားသင်သူကြ

ပါ၊ ကျောင်းမပျင်းကြပါနဲ့၊ ကျန်းမာရေးကောင်းမှ စာသင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျောင်းသားနဲ့ တူအောင်တစ်ကိုယ်ရေသန့်ရှင်ရေးလုပ်ရပါမယ်၊ ဆံပင်ကိုတိုတိုညှပ်ရပါမယ် ဒါမှစာသင်တဲ့အခါ စိတ်ကြည်လင်စွာဖြင့်အေးချမ်းစွာသင်ယူနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် ဩဝါဒဆုံးမစကားပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းကိုတက်နေတာမြင်ရလို့ ဆရာမကြီးက ကြိုဆိုဂုဏ်ယူပါကြောင်း၊ ကျောင်းအစကနေ ကျောင်းတွေပြီးဆုံးသည့်အထိ အခုလိုလေးပဲ အားတက်သရောသင်ယူကြရန်စသဖြင့် အကျယ်တစ်ဝန်းဩဝါဒစကား ပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ တန်းဖြုတ်ပြီးမိမိတို့အခန်းကို အေးချမ်းစွာဝင်ရောက်၍ စာသင်ကြားခဲ့ကြသည်။

အဆိုပါ အထကမိုင်းတုံ စာသင်ကျောင်းတွင် Grade-11 မှ Grade-1 အထိ စာရင်းရှိကျောင်းသား(၃၈၈)ဦး ကျောင်းသူ(၄၅၄)ဦး စုစုပေါင်း(၈၄၂)ဦးရှိရာ ‌တက်ရောက်ကျောင်းသား (၃၄၃)ဦး၊ ကျောင်းသူ(၄၂၅)ဦး စုစုပေါင်း(၇၆၈)ဦးအား ဆရာ/ဆရာမ (၂၉)ဦးဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)