တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်

လှိုင်    စက်တင်ဘာ     ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းမှူး ရဲအုပ်သက်နိုင်ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ယမန်နေ့  ည ၁၀ နာရီမှ ၁၂ နာရီထိ ပိတ်ဆို့ ရှာဖွေရေးလုပ်ငန်း များကို စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အများပြည်သူ လုံခြုံရေး၊ မှုခင်း ကြိုတင်ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ခိုး၊ ဆိုး၊ လု၊ နှိုက်များ မဖြစ်ပွားစေရေး တို့အတွက် လှိုင်မြို့နယ် ဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းနှင့် ရွာမကျောင်းလမ်းထောင့် စသည့် လူသွားလူလာ များသည့် လမ်းမကြီးများနှင့် လမ်းဆုံ လမ်းခွနေရာများတွင် တရားမဝင် မူးယစ် ဆေးဝါး၊ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်မှု မရှိစေရေး၊ Covid-19 ကာလအတွင်း ညမထွက်ရ အမိန့်အား မြို့ခံ ပြည်သူများလိုက်နာမှု ရှိ/မရှိ၊ စားသောက်ဆိုင်၊ KTV များ တရားမဝင်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ တို့အားပိတောက် ချောင်းနယ်မြေစခန်းမှူး ရဲအုပ်သက်နိုင် ဦးဆောင်၍ ယာဉ်ထိန်း ရဲတပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့များက လိုက်လံ စစ်ဆေး လျက်ရှိ ကြောင်းသိရသည်။

ထို့အပြင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက်လည်း နယ်မြေလုံခြုံရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ကြည်ဇေသော် (ပြန်/ဆက်)