တံတားဦး ဇွန် ၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂) နှစ်အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူများအား ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ဦးတည်စု၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ် (၃၀) ခန့် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးကြသည်။
တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်း ကျောင်း (ခွဲ) (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁၁) ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း (၆၉) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း (၉) ကျောင်း၊ စုစုပေါင်း (၁၃၀) ကျောင်းရှိပြီး အသက်(၅)နှစ်မှ (၁၂)ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား/သူပေါင်း (၈၀၈၇) ဦး လျာထားရာ ယနေ့တွင် အ-ထ-က တံတားဦး၊ အ-လ-က မြို့မ၊ အ-မ-က ဆုံကုန်း၊ အ-မ-က မေဃဝန်ကျောင်း တို့၌ ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်