လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လေးမျက်နှာ ဇွန် ၂

နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် တက်ရောက်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသည်။

လေးမျက်နှာမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း(၁၇၅)ကျောင်းရှိရာ အ.ထ.ကကျောင်း (၈) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၂)ကျောင်း၊ အ.လ.က ကျောင်း(၈)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၈) ကျောင်း၊ အ.မ.ကမူလွန်ကျောင်း(၄)ကျောင်း၊ အ.မ.ကကျောင်း (၁၂၉)ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်းခွဲ(၅)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း (၁) ကျောင်းတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ယခင်နှစ်ကျောင်းသားဦးရေထက် ကျော်လွန်ကာ ရာနှုန်းပြည့် တက်ရောက်လျက်ရှိသည်။ အဆိုပါ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအား လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ရန် မှာကြားလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ပူးပေါင်းကာ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေ၍ ကျောင်းအဝင်ဂိတ်များတွင် အပူချိန်တိုင်းတာခြင်း၊ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းကာ ရေပုံးရေအိုး များတွင် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အတွင်းရေးမှူး ရဲမှူး အောင်ဆွေသိန်းတို့ ဦးဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)