ပင်လုံ စက်တင်ဘာ ၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဖြူစင်မေတ္တာနာရေး ကူညီမှုအသင်းမှ Mask အလှူရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စုပေါင်း၍ ပင်လုံမြို့မဈေး၌ လည်းကောင်း၊ လူစည်ကားသည့် ကန်တော်ကြီးလမ်းနှင့်လမ်းမ တော်လမ်းဆုံ၌ ဖြတ်သန်းသွားလာကြသော ပြည်သူများအား ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာအမိန့်ညွှန်ကြားချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောင်ရွက်ရန်၊ မိမိတို့မြို့နယ် အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ပြီးမှ ထွက်ရန်၊ လူစုလူဝေးနေရာများ ရှောင်ရှားရန်၊ လက်ကို မကြာခဏဆေးကြောရန် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်းမပါသူများကို နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ