အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

တနိုင်း ဇွန် ၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် စက်ချုပ်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေးရည်ရွယ်ချက်ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့​သော  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၄)နာရီက ဒူးကျောင်း ရပ်ကွက်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက စက်ချုပ်သင်တန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားရာ သင်တန်းသူများအား သင်တန်းပြီး‌စီးသွားလျှင် မိမိကိုယ်တိုင် စက်တစ်လုံးစီ ရရှိနိုင်ရေး တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း​ပြောကြားခဲ့ပြီး၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးက သင်တန်း ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက သင်တန်းသူ(၂၀)ဦးအား အပ်ချုပ်စက်များ အသီးသီး ထောက်ပံ့ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်က သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များ​ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို မေလ(၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ တစ်လအကြာ စာတွေ့၊ လက်တွေ့အ​နေဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဆရာမများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)