ဒဂုံအရှေ့ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာပါမကျန် အခြေခံပညာကျောင်းများအလိုက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ (Kg)အတန်းမှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူများကို နေ့စဉ်(အခမဲ့)ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁ ရက်နေ့အထိ မူလတန်းအဆင့်တွင် (၁၃,၆၄၅)ဦး၊ အလယ်တန်းအဆင့်တွင်(၄,၁၂၂)ဦးနှင့် အထက်တန်းအဆင့်(၁,၁၄၇)ဦး စုစုပေါင်း(၁၈,၉၁၄)ဦးရှိပြီးဖြစ်၍ ကျောင်းအပ်နှံမှုအား ထပ်မံလက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အထက်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်း(၅)ကျောင်း၊ မူလွန်(၇)ကျောင်း၊ မူလတန်း(၁၄)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၂)ကျောင်းနှင့် ဘ/က(၁၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း စုစုပေါင်း(၄၈)ကျောင်းတွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ ညနေပိုင်းအထိ မူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသားပေါင်း(၁၃,၆၄၅)ဦး၊ အလယ်တန်းအဆင့်(၄,၁၂၂)ဦးနှင့် အထက်တန်းအဆင့်(၁,၁၄၇)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၈,၉၁၄)ဦးတို့အား ကျောင်းလာရောက်အပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကျောင်းအပ်နှံမှုအား လက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း၊ လက်ခံခြင်းမပြုဘဲ၊ လာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူတိုင်းအား ဗလာစာအုပ်(၁)ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံနှင့်မှင်တံချောင်းတို့ကို (အခမဲ့)ထောက်ပံ့ပေးပြီး ကျောင်းဝတ်စုံများကိုမူ ယခုပညာသင်နှစ်အတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန် (ပြန်/ဆက်)