လှည်းကူးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

လှည်းကူး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာတွင် ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးဦးဘသိန်းက အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းကိုအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး အဆိုပါသင်တန်းတွင် ရဲမွန်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြသည်။

သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန် ၁ ရက်မှ ၃၀ ရက် နေ့အထိ (၁)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)