လေဘေးနှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

တောင်သာ ဇွန် ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး (Community Centre) ခန်းမတွင် လေဘေးနှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်ကေခိုင်မှ လေဘေးနှင့်ပတ်သတ်၍ ဆောင်ရန်၊ရှောင်ရန် အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများသိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးက လေဘေးနှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ခင်နီလာစိုးက လေဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင်နှစ်စဉ် နွေကာလများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ လေပြင်းတိုက်ခတ်များနှင့်ပတ်သတ်၍ ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ လေဘေးကျရောက်ပါက အရေးပေါ်အခြေအနေမှလွဲ၍ ဖုန်းအသုံးမပြုရပါ။ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းတွေဖြစ်ပေါ်တတ်သည့်အတွက်ကြောင့် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှရှောင်ကြဉ်ပါ။ မဖြစ်မနေအိမ်အပြင် ထွက်ရမည်ဆိုလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ။ အဝတ်ထူထူဝတ်ဆင်ပြီးမှသွားပါ။ ကူညီကယ်ဆယ်ရေးနှင့်ရှင်းလင်းခြင်းတွေလုပ်နေတဲ့အချိန်မှာ တာဝန်ရှိသူများနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ ထိခိုက်ဒါဏ်ရာရရှိသူတွေကို ကျန်းမာရေးဌာနများမှ လိုအပ်တဲ့ကုသမှုတွေခံယူရပါမယ်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ လေပြင်းနဲ့ပတ်သတ်ပြီး လေပြင်းဒါဏ်ခံနိုင်သောရပ်ရွာ၊ အသိုက်အဝန်းတစ်ခုဖြစ်စေရန်ရည်ရွယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)