မတ္တရာ ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံအဝန်း၌ ဇွန်လ ၂ရက်နေ့မှ စတင်၍ဖွင့်လှစ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများကိုလည်း ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင် ကြားပေးနေပြီဖြစ် ကြောင်းသိရသည်။
ယနေ့ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မတ္တရာမြို့နယ်၌ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံသူ ၁၆၇၃၂ ဦးရှိကြောင်းသိရပြီး ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများနှင့် လုံခြုံရေးအဖွဲ့များမှ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၂၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၆) ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၄၂)ကျောင်း၊ မူလတန်းကျောင်း(၆၂) ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၂) ကျောင်း စုစုပေါင်း (၂၁၄) ကျောင်း ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)