ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေးခြင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်  ဆက်လက်  လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းမှစ၍ မြို့နယ်အဆင့် ကိုဗစ်-၁၀ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် သင်္ဘောဆိပ်၊ စက်တပ် သမ္ဗန်ဆိပ်၊ ဈေး၊ မြို့အဝင်လမ်းဆုံနှင့် အခြားလူစည်ကားရာ နေရာများတွင် ပြည်သူများ လက်ဝယ်အရောက် အကာအကွယ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူလက်ဝယ် အရောက် Mask များ အခမဲ့ ဖြန့်ဝေပေး၍ Mask မပါရှိသူများအားချက်ချင်းတပ်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက် များကို ပြည်သူများသိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာပေးခြင်းတို့ကိုလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်နှင့်၊ လူဦးရေသုံးသောင်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ရန်ကုန်မြို့တွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသူများ ဖြစ်သည်။

ယခုအခါ ရခိုင်ပြည်နယ်မှအစပြု၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်အများစုတွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုကူးစက် ပျံ့နှံလာပြီ ဖြစ်သဖြင့် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက် ပျံ့နှံမှု မဖြစ်စေရေးအတွက်  ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်းလည်း  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)