တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အကျဉ်းသား ကျောင်းသား/ကျောင်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မန္တလေး စက်တင်ဘာ ၅

၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အကျဉ်းသား ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အနေဖြင့်လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟို အကျဉ်းထောင် တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး အောင်မြေသာစံမြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်နှင့် ကျောင်းပရဟိတ အကျိုးတော်ဆောင် ဒေါက်တာသိန်းဇော်တို့က ဩဝါဒစကားများ ပြောကြားကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့် အကျဉ်းသား ကျောင်းသား/ကျောင်းသူ (၂၉)ဦးတို့အား လွတ်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကို အသီးသီးပေးအပ်ကြပြီး ညွှန်ကြားရေးမှူးဦးကျော်စိုးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်၊ ဒုတိယတာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်း ၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ပညာရေးမှူး ဒေါက်တာ စမ်းပပကျော်၊ ကျောင်းပရဟိတ အကျိုးတော်ဆောင် ဒေါက်တာ သိန်းဇော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လွတ်ငြိမ်း ချမ်းသာခွင့်ရ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)