မိုးကောင်း ဇွန် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနက နန့်လှိုင် ခေတ်မီစံပြကျေးရွာ (Smart Village) ၌ ရတနာလှိုင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း (လီမိတက်) ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် အမှတ်(၂) အခြေခံပညာမူလတန်း (မြတောင်) ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်မာသန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်သမဝါယမဦးစီးဌာနသည် ဆက်စပ်ဦးစီးဌာနဖြစ်သည့် ကျေးလက်ဦးစီးဌာနနှင့် အတူ ကွင်းဆင်းဆောင်ရွက်ချိန်တွင် နန့်လှိုင်ကျေးရွာတွင် သမဝါယမ အသင်း ဖွဲ့စည်းထားခြင်း မရှိသေးသဖြင့် သမဝါယမကဏ္ဍအနေဖြင့်အသင်း ဖွဲ့စည်းရန်လိုအပ်၍ ကျေးရွာသူ/သားများ၏ ဆန္ဒနှင့် အညီ အသင်းသား (၃၂)ဦးပါဝင်သည့် သမဝါယမ အသင်းတစ်ခုကို ဖွဲ့စည့်ခွင့်ပြုရန် တင်ပြလာသည့်အတွက် အကြိုညှိနှိုင်းဆွေးနွေးခဲ့ပြီး ၎င်းတို့ထဲမှ ပြန်လည်ရွေးချယ် ပေးထားသည့် အမှုဆောင်အဖွဲ့များကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ယနေ့အခမ်းအနားတွင် အတည်ပြု ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ချောစုလှိုင်က ပြည်နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူဝင်းက စံပြကျေးရွာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးမှုလည်း ရမှာဖြစ်သကဲ့သို့ မိမိတို့ကျေးရွာမှာရှိသော ကျေးရွာလူထု၏ အားစိုက်ထုတ်ပြီး ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နန့်လှိုင်ခေတ်မီစံပြကျေးရွာ အသင်းဖွဲ့စည်းရန် အတည်ပြုချက်ရယူခြင်း၊ အသင်းစည်းကမ်းအတည်ပြုခြင်း၊ အမှုဆောင်အဖွဲ့များရွေးချယ်ခြင်း အတည်ပြုခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်း၊ အမှုဆောင်အဖွဲ့ဝင်များ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကချင်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ချောစုလှိုင်က ရတနာလှိုင်စိုက်ပျိုးရေး နှင့် အထွေထွေသမဝါယမအသင်းအား မှတ်ပုံတင်ကတ်ပြားပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကချင်ပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်သမဝါယမအသင်းစုဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နန့်လှိုင်ကျေးရွာသား/ သူများ၊ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း(လီမိတက်) အသင်းဝင်များ တက်ရောက်သည်။
သန်းလွင်ဦး(ပြန်/ဆက်)