ဆွမ်ပရာဘွမ် ဇွန် ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ မိုးရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးလျက်ရှိသော ဂါလံ(၁၂၀၀၀၀)ဆံ့ ရေစုကန်(၃)ကန်ကို ကလိုရင်း ပိုးသတ်ဆေးရည်ထည့်ခြင်း ဆောင်ရွက်ပြီး မြို့ပေါ်ရပ်ကွက်တွင် နေထိုင်ကြသော မိဘပြည်သူနေအိမ်များ၌ တစ်အိမ်တက် တစ်အိမ်ကွင်းဆင်းပြီး ရေပုံး၊ တာယာအဟောင်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေဝပ်နိုင်သော နေရာများ၌ ခြင်၊ ယင်များ မအောင်းနိုင်ရန် ကြိုတင်ကာကွယ်သော နည်းလမ်းများ အသိပညာပေးဆွေးနွေးခြင်း၊ ရပ်ကွက်အတွင်း ရေမြောင်းများ၌ ခြင်၊ ယင်များ မအောင်းနိုင်ရန် ရေစီးရေလာကောင်းမွန်ပြီး အမှိုက် သရိုက်များ မစွန့်ပစ်စေရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဆွေးနွေးမှာကြားခဲ့ သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)