ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင် ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့် ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးတို့အတွက် အ.ထ.က (ထန်းတပင်) အခြေခံ ပညာ အထက်တန်းကျောင်းကို Community Base Quarantine Centre အဖြစ် သတ်မှတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ သီးခြားစောင့်ကြည့်မှုများပြုလုပ်မည့် အ.ထ.က (ထန်းတပင်)ရှိ စာသင်ကျောင်းဆောင်များကို ယနေ့နံနက်ပိုင်းက သီးခြားနေထိုင် မည့်နေရာများကို ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးများပြုလုပ်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းဖေ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်အောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ခင်ခင်ဌေးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်အဖွဲ့ဝင်များက စုပေါင်းကာ ဆောင်ရွက်ပေးခဲ့ ကြသည်။
ထို့အပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများနှင့် ပရဟိတ အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)