မုဒုံ ဇွန် ၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ မြို့မ(၂)ရပ်ကွက်ရှိ လောကမာရာဇိဓမ္မာရုံ၌ ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ်ပုံမှန် ဆေးထိုး/ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်များ ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးသည်။ ကလေးငယ်များအား အသက်အရွယ်အလိုက် ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်-ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးတို့ကို မြို့ပေါ်ရပ်ကွက် ဆေးထိုးစုရပ်များအပြင် ကျေးလက် ကျန်းမာရေးဌာနတို့၌ ပုံမှန်ထိုးနှံပေးသည်။
ကာကွယ်ဆေးများကို ကလေးငယ်များအား သတ်မှတ်အကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်အလိုက် ထိုးနှံပေးခြင်းဖြင့် အဆိုပါရောဂါများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဘီစီဂျီ ကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါက အသက်နှစ်လမတိုင်မီနှင့် အသက်နှစ်လအတွင်း အခြားကာကွယ်ဆေးများနှင့်အတူ ထိုးနှံပေးမည်ဖြစ်ကြောင်း မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောင်မျိုးသူ(ပြန်/ဆက်)