ရေးမြို့နယ်မှထွက်ရှိသည့် မင်းဂွတ်သီးများ အွန်လိုင်းမှတစ်ဆင့် မှာယူ၊ ရောင်းချခြင်းများပြုလုပ်

ရေး ဇွန် ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထွက်ရှိသည့် မင်းဂွတ်သီးများအား နေ့စဉ် အလုံးရေသောင်းနှင့်ချီကာ အွန်လိုင်းမှတစ်ဆင့် မှာယူ၊ ရောင်းချနေကြသဖြင့် ဒေသခံ စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် တစ်လုံးလျှင် အနည်းဆုံး အကြီး/အသေးပေါ်မူတည်ကာ ငွေ ၁၀၀ ကျပ်မှ ၂၀၀ ကျပ်ခန့် ဈေးနှုန်းဖြင့် ရောင်းဝယ်မှုများ ပြုလုပ်နေပြီး မှာယူသူများပြားသည့် မော်လမြိုင်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့အပြင် အခြားမြို့များသို့ပါ နေ့စဉ်တင်ပို့ရောင်းချနေရကြောင်း စိုက်ပျိုးရေးတောင်သူများက ပြောသည်။

ယခုနှစ် မင်းဂွတ်သီး ထွက်ရှိမှုမှာ ယခင်နှစ်ထက် ပိုများပြီး ဆုံးရှုံးမှုနည်းကာ အောင်မြင်သော အသီးများ ဖြစ်ကြောင်း၊ ရောင်းသူ၊ ဝယ်သူ တိုက်ရိုက်ရောင်းဝယ်ကြသဖြင့် အဆင်ပြေကြောင်း၊ တချို့ဝယ်သူများမှာ စိုက်ပျိုးရေးခြံထဲအထိ လိုက်လံဝယ်ယူကြကြောင်းလည်း သိရသည်။

ရေးမြို့နယ်အတွင်း မင်းဂွတ်သီးများကို ဥယျာဉ်ခြံမြေများအတွင်း သီးထပ်သီးညှပ်များဖြင့် အဓိကထား စိုက်ပျိုးကြပြီး အပူစာဖြစ်သည့် ဒူးရင်းသီးနှင့် တွဲဖက်စားသုံးလေ့ရှိသော အသီးအနှံတစ်မျိုးလည်း ဖြစ်ကြောင်း သိရသည်။

ရေး(ပြန်/ဆက်)