နောင်ချို ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ လူငယ်အသင်း (Youth Club) အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ယနေ့ခတ် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာ ဗဟုသုတများ မျှဝေနိုင်စေရန်နှင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး (Youth Club) အဖွဲ့ဝင် မခင်စန္ဒာထွေး၊ မစန္ဒီလင်းထက်နှင့် မမျိုးမြတ်ဇော်တို့က ၂၀၂၂ခုနှစ်၊ မေလ ၁ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်ပါ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “ပညာလိုလား ကြိုးစားကြပါစို့” အခန်းဆက်ဆောင်းပါးပါ အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်အသိများကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် များဖြင့်လည်းကောင်း၊ ပညာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)