ရွာငံ ဇွန် ၁
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ လုပ်ကိုင်ကြရာ ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သီးနှံများကိုလည်း ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ရေလှကျေးရွာအတွင်းရှိ တောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရာသီသီးနှံဖြစ်သော ပဲပုပ်သီးနှံသည် တောင်သူများအတွက် ဈေးကွက်ဝင်တွက်ချေကိုက်သည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ယခုအခါတွင် တောင်သူများပိုမိုစိုက်ပျိုးလာကြသည်။ ယခင်က ဒေသမျိုးဖြစ်သော ပဲပုပ်စိမ်းမျိုးများသည် အထွက်နှုန်းနည်းသောကြောင့် ယခုအခါတွင် စိုက်ပျိုးရေးသုတေသနဌာနမှ ထုတ်လုပ်သောစပ်မျိုးဖြစ်သည့် အထွက်နှုန်းကောင်းမွန်သော ရေဆင်း (၁၄)စပ်မျိုးပဲပုပ်မျိုးများကို တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်။
ရွာငံဒေသတွင် ပဲပုပ်(သက်တမ်း ၉၀ရက်သား)ကို နယုန်လဆန်းတွင် စတင်စိုက်ပျိုးပြီး သီတင်းကျွတ်လမတိုင်မှီ ရိတ်သိမ်းလေ့ရှိကြသည်။ အဆိုပါ ပဲပုပ်စိုက်ပျိုးမည်ဆိုပါက တစ်ဧကမျိုး စေ့နှုန်းထား ၆ ပြည်မှ၈ပြည်ခန့်ရှိပြီး စိုက်ပျိုးရာတွင် တန်းကြား၊ ပင်ကြား (၂)ပေ၊ (ကြွက်မြီးတန်း) ကို ၆ လက်မ ၉ လက်မခန့်ထားပြီး စိုက်ပျိုးလျက်ရှိကြသည်။ မြေခံအဖြစ် နွားချေး၊ ဝက်ချေးနှင့်သ ဘာဝမြေဆွေးများကို ထည့်သွင်းစိုက်ပျိုးရပြီး စိုက်ပျိုးရက်(၃၅-၄၅)ရက်သားတွင် ပေါင်းတစ်ကြိမ် လိုက်ရသည်။ စိုက်ပျိုးပြီး ၄၅ရက်သားမှာ မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာဖျန်းပေးပြီး ပန်းမပွင့်မှီ တွင်လည်း မြေဩဇာတစ်ကြိမ်ကျွေးရသည်။ ပိုးမွှားရောဂါအန္တရာယ်များအနေဖြင့် စုတ်စားပိုး၊ ရွက်ထွင်းပိုး၊ ရောင်မညီကွက်ကြားပိုး၊ သီးလုံးဖောက်ပိုးများ ကျရောက်လေ့ရှိသော်လည်း ဆေးမှန်၊ နှုန်းထားမှန်၊ အချိန်မှန်ဖျန်းပေးပါက ထိရောက်စွာကာကွယ်နိုင်သည်။ ပဲပုပ်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မစိုက်ပျိုးမှီတောင်သူများအနေဖြင့် ရာသီဥတု၊ မြေအမျိုးအစား၊ မျိုး၊ ရောဂါပိုးမွှားကာကွယ်မှု၊ မျိုးစေ့ဆေးရည်စိမ်ခြင်းနှင့် ပင်ကြားတန်းကြားတို့ကို အဓိကထား ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါပဲပုတ်သီးနှံသည် မြေချဉ်ငံဓါတ်(၅.၅)၊ (၆.၆)ကြိုက်နှစ်သက်လျက်ရှိပြီး ပျမ်းမျှအပူချိန် ၂၀ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ ပဲပုပ်ပင်တစ်ပင်လျှင် ပဲပုပ်အသီးတောင့် ၄၀ မှ ၆၀ ကြားရှိပြီး အသီးတောင့်တစ်တောင့်မှာ အစေ့(၃)စေ့ပါရှိသည်။ ပဲပုပ်အထွက်နှုန်းမှာတစ်ဧကကို ၁၅ တင်းမှ ၂၀ တင်းထွက်ရှိပြီး တစ်ပိသာလျှင် ငွေကျပ်၂၂၀၀ မှ ၂၅၀၀ကျပ် အထိဈေးကွက်ရှိကြောင်းနှင့် အဆိုပါပဲပုပ်သီးနှံများကို ရွာငံမြို့နှင့် နီးစပ်ရာဒေသဖြစ်သော အောင်ပန်းမြို့၊ ကုန်စည်ဒိုင်မျိုးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပဲပုပ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ပြည့်ဖြိုးသန့်