ရပ်​စောက်မြို့နယ်၊ ​ ညောင်ပင်သာ ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ

ရပ်စောက် ဇွန် ၁

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်‌စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချခဲ့သော အခြေခံအပ်ချုပ်စက်နည်းပညာများကို လက်တွေ့နယ်ပယ်တွင်အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ရှေ့ဆက်ဖွင့်လှစ်သွားမည့် သင်တန်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများထံသို့ သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများကို အသီးသီးပေးအပ်ခဲ့‌သည်။

အဆိုပါသင်တန်းသို့ ရပ်စောက်မြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊ ထင်းကွင်းကျေးရွာ၊ မြေနီကျေးရွာ၊ နန်းဟူးကျေးရွာနှင့် ရွာသစ်ကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦးတက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းတွင် အခြေခံအပ်ချုပ်စက်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာ အမျိုးမျိုးကို ကျွမ်းကျင်ဆရာမ (၂) ဦးက စာတွေ့၊ လက်တွေ့ နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း ရပ်စောက်​မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦး​ရှေးရယ်ထံမှ သိရသည်။

ရဲထက် ဦး(ပြန်/ဆက်)