ဗိုလ်တထောင် မေ ၃၁
ကြက်ခြေနီတပ်ဖွဲ့၏ လူမှုဂရုဏာဆောင်ရွက်မှုအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နေ့လယ်(၂)နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ်က ဆွေးနွေးပွဲ(Talk Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗိုလ်တထောင်မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးစိုးမင်းက “ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းပေါ်ပေါက်လာခဲ့ပုံသမိုင်းကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏အကျိုးအတွက် စေတနာထားဆောင်ရွက်ပေးမှုများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ဗိုလ်တထောင်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သိန်းသိန်း (ဗိုလ်တထောင်)