တောင်ဥက္ကလာပ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများ သန့်ရှင်းသာယာ၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း က အမှတ်(၇)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၂၃) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၁၂) ရပ်ကွက်၊ မာဃလမ်း၊ အမှတ် (၂၉) အခြေခံပညာ မူလတန်းကျောင်းများ၏ ကျောင်းဝန်းအတွင်း/ အပြင်တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းဝန်းများအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်း၊ မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကျောင်းဝန်းအတွင်း ခြင်များ ပေါက်ပွားမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ ရေစည်ရေအိုးများအတွင်း အဘိတ်ဆေးများ ခတ်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းခြင်းနှင့် ကျောင်းဝန်းအတွင်း အမြင်မတင့်တယ် သည်များအား ဖယ်ရှားရှင်းလင်းခြင်းစသည်ဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း